Local News

မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တင်ပို့ရောင်းချမှုဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

Last Updated:

 

မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တင်ပို့ရောင်းချနိုင်ရေးအတွက် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာနတို့အကြား နှစ်နိုင်ငံသဘောတူစာချုပ် (Bilateral Agreement) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လ ၇ ရက်၊ သောကြာနေ့၊ နေ့လယ် (၁၄ : ၃၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် သီရိလင်္ကာဆိုရှယ်လစ်ဒီမိုကရက်တစ်နိုင်ငံတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် အစိုးရများအကြား G to G စနစ် ဖြင့် လယ်ယာထွက်ကုန်ကဏ္ဍမှ ဆန်အပါအဝင် အခြားကုန်စည်များ တိုးမြှင့်ရောင်းချသွားနိုင်ရေး ကနဦး ဆောင်ရွက်ချက်အဖြစ် ချုပ်ဆိုခြင်းဖြစ်ပြီး အဆိုပါ မြန်မာ-သီရိလင်္ကာ ဆန်တင်ပို့ရောင်းချမှုဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ်အား မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် သီရိလင်္ကာနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ တွဲဘက်အတွင်းဝန်တို့က လက်မှတ်ရေးထိုးခဲ့ပါသည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ အဆင့်မြင့်အရာထမ်းများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပါအဝင် (၃၄) ဦးနှင့် သီရိလင်္ကာနိုင်ငံဘက်မှ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် (၇) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါ သဘောတူစာချုပ်အရ ဆန်ရောင်းဝယ်မှုကို မြန်မာနိုင်ငံနိုင်ငံဘက်မှ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် သီရိလင်္ကာနိုင်ငံဘက်မှ Sri Lanka State Trading (General) Corporation တို့မှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ နှစ်စဉ်ဆန်ဖြူတန်ချိန် (၁၀၀,၀၀၀) နှင့် ပေါင်းဆန်တန်ချိန် (၅၀,၀၀၀) တို့ကို သီရိလင်္ကာနိုင်ငံသို့ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း တင်ပို့သွားမည်ဖြစ်ပါသည်။

Category: Local News